ကဆုန်လပြည့်နေ့တွင် ပြုလုပ်နိုင်သော ကုသိုလ် (၇) မျိုး

ကဆုန်လပြည့်နေ့တွင် ပြုလုပ်နိုင်သော ကုသိုလ် (၇) မျိုး

Saturday, May 10, 2025

ဂမ္ဘီရ

ကုသိုလ် (၁) ရေသပ္ပါယ်ခြင်း
****************

မြတ်စွာဘုရား သီတင်းသုံးနေထိုင်တော်မူသော ဘုရား ၊ ကျောင်းကန် ၊ စေတီ ၊ ဆင်းတုတော်တို့အား တလျော်ကင်မွန်း ၊ အမွှေးနံ့သာ ၊ မာလာရေစင်တို့ဖြင့် ရေသပ္ပါယ်ခြင်း ၊ ရောင်တော်ဖွင့်ခြင်း ၊ မိမိကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်စေ ၊ တစ်အိမ်သားလုံး ဝိုင်းဝန်း၍ ဆောင်ရွက်ခြင်းဖြစ်စေ ပြုလုပ်ပါက ထိုကုသိုလ်ကြောင့် အိမ်အေးချမ်းစေပါတယ် ၊ အတိုက်အခိုက်ကင်းစေပါတယ်။
.
ကုသိုလ် (၂) ဆွမ်းကပ်လှူခြင်း
*******************

လပြည့်နေ့ မနက် ၄ နာရီခွဲမှ ၆ နာရီအကြားတွင် ဆွမ်း ၊ ရေချမ်း ၊ ခဲဘွယ်ဘောဇဉ် အစုစုတို့ကို မိမိတတ်အားသရွေ့ လှူဒါန်းခြင်း။

ထိုအလှူကတော့ နေ့စဉ်လုပ်နေကျအရာဖြစ်လို့ အထွေအထူး မဟုတ်ပေမဲ့ ထိုနေ့မှာ မမေ့မလျော့ပဲ ကပ်လှူစေချင်ပါတယ်။ ဆွမ်းလှူရခြင်းကြောင့် မိမိကံဇာတာတက်စေပါတယ်။
.
ကုသိုလ် (၃) ရွတ်ဖတ်ပူဇော်ခြင်း
***************

ပြုလုပ်ရမည့်အချိန် မနက် ၆ နာရီမှ ၈ နာရီ ၃၀ အတွင်း။

ရွတ်ဖတ်ပူဇော်ရာမှာ အထူးသဖြင့် သီလခံယူပါ ၊ နတ်ပင့်ပါ ၊ ပရိတ် ပဋ္ဌာန်း ၊ မဟာသမယသုတ် စသည်တို့ကို ရွတ်ဖတ်ပူဇော်ပါ။ ပြီးလျှင် နတ်ဗြဟ္မာများနှင့်တကွ အားလုံးကို အမျှဝေပါ။
.
ကုသိုလ် (၄) မိဘတို့အား ကျွေးမွေးလှူဒါန်းခြင်း
*************************

မိဘကို ပြုစုလုပ်ကျွေးသောအမှုကို နေ့စဉ် ပြုနေကြသူတွေ ရှိတယ်ဆိုပေမဲ့ ဒီကနေ့မှာက သာမန်နေ့တွေနဲ့ မတူဘဲ ပိုမိုအာရုံစိုက်ကာ စေတနာပါပါ ပြုစုကျွေးမွေးသင့်ပါတယ်။

မိဘကို လုပ်ကျွေးသောပုဂ္ဂိုလ်ဟာ ယခုဘဝမှာပင် ချမ်းသာသုခရစေတာကြောင့် စေတနာပါပါဖြင့် စားကောင်းသောက်ဖွယ်များ ကျွေးမွေးလှူတန်းခြင်းအမှုကို အချိန်တစ်ခုပေးကာ ပြုလုပ်လှူဒါန်းပေးပါ။
.
ကုသိုလ် (၅) ဇီဝိတဒါနပြုခြင်း
*********************

ထို့နေ့မှာ ငှက်လွှတ်ခြင်း ၊ ငါးလွှတ်ခြင်း ၊ လိပ်စာကျွေးခြင်း ၊ ခွေးစာကျွေးခြင်း ၊ ငှက်စာကျွေးခြင်း ၊ ခိုစာကျွေးခြင်း စတဲ့ ကုသိုလ်မျိုးကို ပြုလုပ်သင့်ပြီး ၊ ထိုသို့ ကျွေးနေချိန်မှာ မိမိစိတ်ကဖြစ်စေ ၊ နှုတ်ကံဖြစ်စေ သတ္တဝါလေးတွေ ကျန်းမာချမ်းသာစေဖို့ မေတ္တာပို့ပေးနေရပါမယ်။
.
ကုသိုလ် (၆) ပံ့သကူပစ်ခြင်း
**************

ပြုလုပ်ရမည့်အချိန် _ ညနေ ၅ နာရီမှ ၇ နာရီကြား

ပံ့သကူပစ်ခြင်းဆိုတာ မည်သူမည်ဝါ ပုဂ္ဂိုလ်စွဲ မပါဘဲ ထိုက်တန်သူများ ရရှိစေရန် စာအိတ်ထဲ ပိုက်ဆံထည့်၍ ပစ်ခြင်း ၊ အစားအသောက်များ ၊ အအေးဘူးများကို ထုပ်၍ ပစ်ခြင်းပါပဲ။ သို့သော် ခေတ်အခြေအနေအရ အမှန်တကယ် လိုအပ်သူများကို ငွေကြေးလှူဒါန်းခြင်း ၊ စားသောက်စရာများ လှူဒါန်းပေးခြင်း စသည်တို့ကို စေတနာသန့်သန့်ဖြင့် ပြုလုပ်ပေးနိုင်ပါတယ်။
.
ကုသိုလ် (၇) အမွှေးနံ့သာ ဆီမီးကပ်လှူခြင်း
*************************

ပြုလုပ်ရမည့်အချိန်_ ည ၈ နာရီ မှ ၁၀ နာရီ

ဆီမီး ၁၁ တိုင် အမွှေးတိုင် စသည်တို့ကို ကပ်လှူကာ သမ္မာဒေဝနတ်ကောင်းနတ်မြတ်များအား ပင့်ဖိတ်ကာ မိမိတစ်နေ့တာ ပြုခဲ့သမျှကို အမျှအတန်း ပေးဝေပါ။

ထို့နောက် မိမိလိုအပ်သော တောင်းဆုတစ်ခုကို ထိုအမျှဝေပြီးချိန် တောင်းဆုပြုပါ။

ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝနိုင်ပါတယ်။
.
Credit: အရှင်ကောဝိဒ
.
#နေလအခါပေးဗေဒင် #အွန်လိုင်းဗေဒင် #ကဆုန်လပြည့် #ကုသိုလ်  #ဗေဒင် #ယတြာ
.